ဆင်ပေါင်ဝဲမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏ လူမှုစီးပွား စီမံကိန်းများ၏ တိကျသော ကိန်းဂဏန်းများရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် နိုင်ငံတော်၏ အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံ သာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်( ၅ )ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျ မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင်လည်း မဲစာရင်းမှန်ကန်စေရေးအတွက် အဓိကကျကြောင်း၊ စိတ်စေတနာကောင်းများတို့ဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးစောလှမောင်က သင်တန်းသား၊ သင်တန်းသူများအား လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နည်းပြ ဆရာ/ဆရာမ(၇)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၆၃) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်ကြားဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)