စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၁၇

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် စေတုတ္တရာမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းက သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ ရှင်းလင်းပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင်၌ အထူးနည်းပြသင်တန်းတက်ရောက်ခဲ့သည့် နည်းပြသုံးဦးနှင့် မြို့နယ်အဆင့် သန်းခေါင်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုက်ရာများက သင်တန်းပို့ချပေးမည့် နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းပို့ချတက်ရောက်နေမှုကိုလည်း ကြည့်ရှုအားပေးစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုမည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူပေါင်း(၄၂)ဦးတို့အား Tablet၊ Memory Strickနှင့် ဆက်စပ်ပစ္စည်းများ၊ Power Bank၊ ကျောပိုးအိတ်၊ လက်စွဲစာအုပ်၊ မှတ်စု၊ ဘောပင်၊ ရင်ထိုး၊ လည်စွဲ၊ ဦးထုပ်၊ poloshirt အစရှိသည့် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် သင်တန်းကာလ စက်တင်ဘာ ၁၇ မှ ၂၈ ရက်နေ့အထိ ၁၂ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုကောက်ကွက်ပေါင်း (၉၇)ကွက်တို့၌ စာရင်းစစ်(၉)ဦး၊ စာရင်းကောက်(၃၃)ဦး ပေါင်း(၄၂)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)