မုံရွာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အိုဇုန်းလွှာထိန်းသိမ်းရေးအပါအဝင် ကောင်းမွန် သန့်ရှင်းသည့် ပတ်ဝန်းကျင်ကောင်းများရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ထိခိုက်ပျက်စီးစေမည့်ကိစ္စရပ်များအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ကဏ္ဍအားလုံးမှ ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်အပိုင်းကနေ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ပျော်ရွှင်ဖွယ်ကောင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သန့်ရှင်းသည့် ဂေဟစနစ်များအား သားစဉ်မြေးဆက် လက်ဆင့်ကမ်းရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်အား တန်ဖိုးထားထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအားလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား /သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာခန်းမအတွင်း ခင်းကျင်းပြသထားသော လေ၊ ရေ၊ မြေ တိုင်းတာရေးစက်ကိရိယာများ၊ အအေးပေးပစ္စည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး စာအုပ်များနှင့်လက်ကမ်းစာစောင်များ၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပန်းချီများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)