ပြည်မြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ပြည် စက်တင်ဘာ ၁၇

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်း‌ရေးမှူး၊ ပြည်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးရဲနောင်က သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များကို သင်တန်းသား၊ သင်တန်းသူများအားလမ်းညွှန်မှာကြားပြီး ပြည်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်မြို့နယ်လဝကဦးစီးမှူး ဦးဇော်နိုင်သန်းက မြို့နယ်အတွင်းလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများထံသို့ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ပြည်မြို့နယ် အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅၄)ဦးတက်ရောက်ကာ သင်တန်းတွင် ခရိုင်အဆင့်သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို သင်တန်းကာလ (၁၀)ရက်ကြာ ဆွေးနွေးပို့ချဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းသား၊ သင်တန်းသူများဖြင့် ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးရှိ ကောက်ကွက်ပေါင်း (၆၆၂)ကွက်၌  ၂၀၂၄ခုနှစ် အောက်တိုဘာ (၁) ရက်နေ့ကစ၍ (၁၅) ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)