ကေတုမတီသီတဂူဗုဒ္ဓတက္ကသိုလ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ငူ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိပြီး မြေနိမ့်ပိုင်းရှိရပ်ကွက်များနှင့် ကျေးရွာများသို့ မြစ်ရေဝင်ရောက်လျက်ရှိခြင်းကြောင့် ရေဘေးရှောင်စခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကေတုမတီသီတဂူဗုဒ္ဓတက္ကသိုလ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား သြကာသကန်တော့ကျိုးဖြင့်ပူဇော်ပြီး သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် သီတဂူဒေါက်တာ အရှင်တိက္ခသာရထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် လူတစ်ဦးလျှင် ခေါက်ဆွဲခြောက်တစ်ထုပ်နှုန်းနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၄၂၀၀/- နှုန်းဖြင့် (၂၁၇)ဦးအတွက် စုစုပေါင်းငွေကျပ်(၉၁၁၄၀၀)ကျပ် ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် မဇ္စျိဂုဏ်ရည်မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံးကို အလှူငွေကျပ် သိန်း(၁၅၀)ကျပ်လှူဒါန်းရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကြည်သိုက်ကပေးအပ်ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များကလက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က သီတဂူဗုဒ္ဓတက္ကသိုလ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း(၅၀)လှူဒါန်းရာ ခရိုင်သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ပေးနေမှုများကို အမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)