တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏ အတွေ့အကြုံများပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ နည်းပြများနှင့် သင်တန်းကာလမှာ အပြန်အလှန်ဆွေးနွေးကြဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သင်တန်းပို့ချမည့် ဗိဿနိုးဆောင်ရှိ သင်တန်းခန်းမအသီးသီးသို့ လှည့်လည်ကြည့်ရှုခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာ၊ ဆရာမ(၁၅)ဦးမှ သင်တန်းသား ဆရာ/ဆရာမ(၂၁၇)ဦးအား သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများစသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၁၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)