ဘားအံ စက်တင်ဘာ ၁၇
နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဦးလည်မသုန်အစဉ်ကာကွယ်နေသော၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော၊ တရားသောစစ်ကိုဆင်နွှဲနေသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ မေတ္တာ၊ စေတနာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဝန်ထမ်းများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် ကြော်လှော်ချက်ပြုတ် ထုပ်ပိုးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းမိသားစုများကိုယ်တိုင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ကြက်သွန်၊ ဗလချောင်ကြော်များ ကြော်လှော်ချက်ပြုတ်ပြင်ဆင်နေမှု၊ ကြော်လှော်ချက်ပြုတ်ပြီး စားသောက်ဖွယ်ရာများနှင့် အသင့်စားသုံးနိုင်သည့် အစားအစာများအား သန့်ရှင်းသပ်ရပ်စွာနှင့် စနစ်တကျ ထုပ်ပိုးပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းငွေကျပ် ၆၉၄၈၃၅၀ဝိ/- (ခြောက်ရာကိုးဆယ့်လေးသိန်းရှစ်သောင်းသုံးထောင်ငါးရာကျပ်)တန်ဖိုးရှိ ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငါးသေတ္တာ၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက်၊ အုန်းစိမ်းဘူး၊ ကြက်မောက်စည်သွပ်ဘူး၊ ချောကလပ်ဝေဖာ အစရှိသော စားသောက်ဖွယ်ရာများကို “တရားသောစစ်အောင်ရမည်” စာတမ်းပါစက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုး၍ စနစ်တကျ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)