တောင်ငူခရိုင်အတွင်း၌ စာသင်ကျောင်း(၂၂၃)ကျောင်း ယာယီပိတ်ထား

တောင်ငူ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များသို့ စစ်တောင်းမြစ်ရေသည် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်၍ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မြေနိမ့်ပိုင်းရှိရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် စက်တင်ဘာ ၁၆ ရက်နေ့အထိ စာသင်ကျောင်း(၂၂၃)ကျောင်း ယာယီပိတ်ထားလျက်ရှိသည်။

စစ်တောင်းမြစ်ရေမြင့်ထက်မှုကြောင့် တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်တွင် မူလတန်းအဆင့်(၁)ကျောင်း၊ အလယ်တန်းအဆင့်(၄၃)ကျောင်း၊ အထက်တန်းအဆင့်(၁၂)ကျောင်း၊ စုစုပေါင်း(၅၆)ကျောင်း၊ ရေတာရှည်မြို့နယ်တွင် မူလတန်းအဆင့်(၇)ကျောင်း၊ အလယ်တန်းအဆင့်(၄၃)ကျောင်း၊ အထက်တန်းအဆင့်(၆)ကျောင်း စုစုပေါင်း(၅၆)ကျောင်း၊ ထန်းတပင်မြို့နယ်တွင် မူလတန်းအဆင့်(၁)ကျောင်း၊ အလယ်တန်းအဆင့်(၃၅)ကျောင်း၊ အထက်တန်းအဆင့်(၅)ကျောင်း စုစုပေါင်း(၄၁)ကျောင်း၊ ​အုတ်တွင်းမြို့နယ်တွင် မူလတန်းအဆင့်(၃)ကျောင်း၊ အလယ်တန်းအဆင့်(၆၁)ကျောင်း၊ အထက်တန်းအဆင့်(၆)ကျောင်း၊ စုစုပေါင်း(၇၀)ကျောင်း၊ တောင်ငူခရိုင်အတွင်းရှိ စုစုပေါင်းခရိုင်ချုပ် (၂၂၃)ကျောင်း ယာယီပိတ်ထားကြောင်း သိရသည်။

အဆိုပါယာယီပိတ်ထားသည့် စာသင်ကျောင်းများတွင် အုတ်တံတိုင်း/ခြံစည်းရိုး(၆)ကျောင်း၊ နှစ်ခန်းတွဲအိမ်သာ(၁)လုံး၊ ရေမော်တာ(၄)လုံး၊ TV(၁)လုံး၊ Audio(၁)လုံး၊ White board/ Green board/ Notice board (၇၀)ခု၊ ကော်ဇော(၇)ချပ်၊ စားပွဲ(၈)လုံး၊ ကုလားထိုင်(၆)လုံး၊ လေးယောက်ထိုင်စာရေးခုံအနိမ့်အမြင့်(၁၃၉)လုံး၊ ဘေစင်(၃)ခု၊ Plastic Chair(၂၀)လုံး၊ Single Desk(၁၁၇)လုံးနှင့် ဗီရို(၂)လုံးတို့ ပျက်စီးခဲ့ပြီး တန်ဖိုးငွေကျပ်(၀.၁၀၀)သန်းခန့် ပျက်စီးခဲ့ကြောင်းနှင့် မြစ်ရေများကျဆင်းသွားပါက ပျက်စီးဆုံးရှုံးသွားသည့်ပစ္စည်းများပြုပြင်ပြီး အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး တောင်ငူခရိုင်ပညာရေးမှူးရုံးမှ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)