စစ်ကိုင်း စက်တင်ဘာ ၁၇
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက စစ်ကိုင်းမျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေအထောက်အပံ့ရရှိရန် အခက်အခဲများနဲ့ ရင်ဆိုင်နေရတာကိုတွေ့ရကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နဲ့မြို့ပြပြည်သူများ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျံစိုးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က သင်တန်းမှထွတ်ရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ သင်တန်းသူများ လက်ခံရယူခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
အဆိုပါ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား(၁၀)ဦးဖြင့် သင်တန်းကာလ(၇)ရက်ကြာ စာတွေ့/ လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်