လိပ်သို စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ဒိုနီးရှာက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ ကျောင်းသားလူငယ်များသည် မိမိတို့အတွက် အသိအလိမ္မာ တိုးပွားစေနိုင်သော စာအုပ်စာပေများကို ဘ၀၏လက်တွဲဖော်မိတ်ဆွေများအဖြစ် မှတ်ယူကြရမှာဖြစ်ကြောင်း၊ ဗဟုသုတအထွေထွေသည် စာအုပ်စာပေထဲမှာရှိကြောင်း၊ စာဖတ်ခြင်းသည် ကောင်းသောဝါသနာနှင့် ကောင်းသောအလေ့အထဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာဗဟုသုတများကို ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသထားရာ ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)