ရွှေတောင်မြို့နယ်တွင် ဘေးမခအထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ရွှေတောင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဘေးမခအထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဘေးမခနယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့သည် ရွှေမျက်မှန်ဘုရားဓမ္မာရုံ၌ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ၊ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ မြို့နယ်လူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့်  လူမှုဖူလုံရေးဝန်ထမ်းများမှ စာရင်းရေးသွင်းပြီး ဘေးမခအထူးကုဆေးခန်းမှ ဆရာဝန်များနှင့်ဝန်ထမ်းများက ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လေးဘက်နာနှင့် စီပိုး၊ ဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခဲ့ကြ​သည်။

ဆက်လက်၍ လတ်တလောခံစားနေရသော ရောဂါဝေဒနာအခြေအနေတို့ကို စမ်းသပ်စစ်ဆေးပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို ဝန်ဆောင်မှုပေးကာ လိုအပ်သည့်ဆေးဝါးများကို စမ်းသပ်ထုတ်ပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကိုယ်တိုင်ဆေးကုသမှုခံယူပြီး ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)