တောင်ငူ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၈)နာရီအချိန်က တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကွပ်ကဲမှုရုံးဖွင့်လှစ်ထားသည့် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးညီညီလွင်စိုးက စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြေနိမ့်ပိုင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ရေပြန်လည်ကျဆင်းသွားပါက ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
တောင်ငူမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းအထိ ရေဘေးရှောင်စခန်း(၈၉)ခုတွင် အိမ်ထောင်စု(၁၄၃၄၄)စု၊ လူဦးရေ(၅၇၃၅၆)ဦးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့မှ ကြီးကြပ်ကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)