နတ်မောက်မြို့နယ်အတွင်းရှိ ရေကန်များ၌ မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုအခြေအနေနှင့် ထူးပေါက် ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နတ်မောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမရှိပေါ်စေရေး၊  ရေကန်အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ထူးပေါက် ရှိ/မရှိတို့ကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာတို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်အတွင်း မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရေနုတ်မြေသားမြောင်းများ၊ အုတ်ရေမြောင်းများနှင့် မြေထိန်းနံရံများ တူးဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရေနုတ်များမှ ပိတ်ဆို့နေသော သဲနှုန်းများ၊ အမှိုက်များ၊ ရေဆိုးရေညစ်များကို အဖွဲ့ပိုင်စက်ယန္တရားများဖြင့် ဆယ်ယူဆောင်ရွက်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြို့အတွင်းရှိ ရေကန်များအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ရေကျော်ရေထွက်နိုင်သည့် ထူးပေါက် ရှိ/မရှိ အခြေအနေကို အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မူမူစန်း