နတ်မောက် နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူများ အနေဖြင့် သိပ္ပံနည်းကျ နဂါးမောက်ပင်များ စမ်းသပ်စိုက်ပျိုးကြရာတွင် အပင်များ အောင်မြင် ဖြစ် ထွန်းပြီး နဂါး မောက်သီးများ စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်သည်ဟု ယုံကြည်ကြပြီး ဒေသခံ များ နှစ်သက်သည့် သီးနှံဖြစ်ကာ ဝယ်ယူစာသုံးမှုရှိသည်နှင့်စပ်လျဉ်း၍ “ နဂါးမောက် ပင်ကို ၄ ပေခြား ကျင်းတူးပြီး စိုက်ပျိုးပါတယ်၊ မြေသြဇာအနေနဲ့တော့ သဘာဝမြေသြဇာ ကိုသာ သုံးပါ တယ်၊ တစ်နှစ်အကြာမှာ နဂါးမောက်သီးများကို စတင်ဆွတ်ခူးနိုင်ပါတယ်၊ နဂါးမောက် အပင် တစ်ဆယ့်သုံးပင်(၁၃)ပင် စိုက်ပျိုးရာတွင် အသီးပြန်လည်ခူးဆွတ်ရောင်းချချိန်မှာ တစ်ပင် ကို အလုံး ၅၀ မှ ၇၀ အထိထွက်ရှိပြီး ငွေကျပ်နှစ်သိန်းခန့်ရရှိပါတယ်၊ ဒါကြောင့် တစ်ခြား စိုက်ပျိုး ရေး လုပ်ကိုင်နေတဲ့ တောင်သူများအနေနဲ့လည်း မိရိုးဖလာမှ ခွဲထွက်၍ မြေအောက် ရေသွင်း စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်မယ့် အများသုံးဈေးကွက်ရှိတဲ့ နဂါးမောက်စိုက်ပျိုးခြင်းကို လုပ်ကိုင် သင့်ပါကြောင်း” တစ်နိုင်တစ်ပိုင် နဂါးမောက်စိုက်ပျိုးသူ ဦးဆယ်တင်စိုးက ပြောကြား သည်။
ဒေသထွက် နဂါးမောက်သီးများအနက် နဂါးမောက်အနီသီး၊ နဂါးမောက်အဖြူသီးဟူ၍ နှစ်မျိုးရှိ ကာ အလုံးအကြီးအသေးပေါ် မူတည်၍ ရောင်းချကြောင်းနှင့် အရွယ်တော် နဂါးမောက် သီးတစ် လုံးကို ၅၀၀ ကျပ်နှုန်း ဖြင့် ရောင်းချကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)