ပုလော စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပုလောမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့ အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သင်တန်းအတွင်း အသုံးပြုမည့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးက လက်ခံရယူခဲ့သည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများ စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ (၆)ဦးက သင်တန်းသူ/သင်တန်းသား (၉၇) ဦးကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
“သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့်အိမ်အကြောင်းအရာဖြစ်ပြီး၊ နိုင်ငံတော်တိုးတက်ဖို့အတွက် Data အချက်အလက်တွေ ကောက်ယူရခြင်းဖြစ်ပြီး၊ ရရှိလာသည့် အချက်အလက်များကို အခြေခံပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသန်းခေါင်စာရင်း ကောက်ယူရေးဟာ အလွန်အရေးကြီးပါတယ်။ သန်းခေါင်စာရင်းက လူတိုင်းနှင့် သက်ဆိုင်ကြောင်းကို မြို့နယ်လဝက ဦးစီးမှူး ဦးဝင်းဇာကျော်က ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)