လောင်းလုံးမြို့နယ် သန်းခေါင်စာရင်းကော်မတီမှ စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်

လောင်းလုံး စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းကို ယနေ့နံနက်၉နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ ထားဝယ်ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို လောင်းလုံးမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ထောက်ပံ့သည့် သင်တန်းအထောက်အကူပြုအသုံးစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က လက်ခံရယူခဲ့သည်။

ထို့နောက် လောင်းလုံးမြိုနယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သန်းခေါင်စာရင်း အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြပြီး သင်တန်းစတင်ခဲ့သည်။

သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများ၊ အဖွဲ့အစည်းများအား စာရင်းကောက်ယူခြင်း စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းကို စက်တင်ဘာ(၁၇)ရက်မှ (၂၈)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား(၉၉)ဦး တက်ရောက်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များ၌ စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)