လှိုင်းဘွဲမြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခမ်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး လှိုင်းဘွဲမြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူအောင်က သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ သန်းခေါင်စာရင်းဆိုင်ရာ ကောက်ယူရမည့် အချက်အလက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၉၈)ဦးဖြင့် သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာများ၊ လုပ်ငန်းစဉ်များ၊ စာရင်းစစ်၊ စာရင်းကောက်အခန်းကဏ္ဍများ၊ ဥပဒေပြဌာန်းချက်များ၊ လူဦးရေဆိုင်ရာ အချက်အလက်များ စသည့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ စက်တင်ဘာလ (၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)