ရှမ်းရွာသစ် စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ် တောင်ယာငရုပ်သီးများ ပေါ်ချိန်ဖြစ်၍ ဒေသတွင်း စားသုံးမှု များလာသောကြောင့် ဝယ်လိုအားကောင်းလျက်ရှိပြီး စိုက်ပျိုးသူများ အဆင်ပြေကြောင်း သိရသည်။
တောင်ယာငရုပ်သီးပင်များကို မိမိတို့၏ တောတောင်ခြံမြေများနှင့် တောင်ယာများတွင် မျိုးစေ့များ ကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များ ပျိုးထောင်၍သော်လည်းကောင်း အဓိကထား တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ မြေအမျိုးအစားမရွေး ဖြစ်ထွန်းပြီး စိုက်ပျိုး၍ရကြောင်း၊ ရင့်မှည့်ပြီးချိန်တွင် အသီးများ ခူးဆွတ်၍ မိသားစုစားသောက်ရန် ဖယ်ပြီး ပိုလျှံသည့် ငရုပ်သီးများကို ဒေသတွင်းဈေးဆိုင်များတွင် ပြန်လည်ရောင်းချကြောင်း၊ ယခင်နှစ်တွင် ရင့်မှည့်ပြီး တောင်ယာငရုပ်သီး တစ်ပြည်လျှင် ငွေကျပ် (၅၀၀၀)ကျပ်သာရရှိပြီး ယခုနှစ်တွင် တစ်ကီလို (၁၀၀၀၀)ကျပ်ဖြင့်ရော င်းချရသဖြင့် ယခင်နှစ်ထက် ဈေးကောင်းရရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ကာ တောင်ယာငရုပ်စိုက်ပျိုးသည့်လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်စိုက်ပျိုးကြကြောင်း၊ တောင်ယာငရုပ်သီးသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ် စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုပ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ တောင်ယာငရုပ်သီးများကို အခြောက်လှန်းပြီး ထားသိုကာ တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန်အတွက် ဝယ်ယူသည့်ဒေသနေပြည်သူများ များပြားကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)