ကော့သောင်း စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်ဦးစီးမှူးဦးကိုကိုနိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအထောက်အကူပြုပစ္စည်းများအား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဋ္ဌေးက လက်ခံရယူခဲ့ပြီး သင်တန်းအား စတင်ခဲ့သည်။
သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများက သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့်တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများ၊ သင်တန်းနည်းပြများအတွက် လမ်းညွှန်ချက်နှင့် မှတ်သားထားရမည့်အချက်များ၊ အဖွဲ့အစည်းများအား စာရင်းကောက်ယူခြင်း စသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်း သင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို စက်တင်ဘာ(၁၇)ရက်မှ(၂၈)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းသို့ ကော့သောင်းမြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ (၈၃)ဦး တက်ရောက်ခဲ့ကြသည်။ ကော့သောင်းခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ အလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)