ဘုတ်ပြင်း စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဘုတ်ပြင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတိုရဲ့အတွေ့အကြုံ စွမ်းဆောင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်း ရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဘုတ်ပြင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာကောက်ကွက်များမှ သင်တန်းသားသင်တန်းသူ (၈၅)ဦး တက်ရောက်ကြပြီး သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများနှင့် ကောက်ယူမည့် အစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ် စာရင်းစစ် စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်ခန်းများ၊ ဘာသာရပ်များကို ပြန်လည်ဆွေးနွေးခြင်း စသည့် ဘာသာရပ်များကို စက်တင်ဘာ(၁၇)ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)