မြဝတီ စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်းနှင့် ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့မြေပေါ်ရှိ သက်ရှိများကိုကာကွယ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးစေရန် လိုအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် UNEP၏ အမှုဆောင်ညွှန်ကြားရေးမှူးက ပေးပို့သော Video Message များအား ပြသပေးပြီး “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ အထူးဆုရရှိသူများကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းခင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ အထူးဆုရရှိသူများကို ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ အထူးဆုရရှိသူများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)