မြဝတီ စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ Green Star ဟိုတယ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြဝတီမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းက သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် အထူးနည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြသုံးဦးတို့အား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်သည်။ ဆက်လက်၍ သင်တန်းကို မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးရာ မြဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ပို့ချပေးမည့် နည်းပြဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းပို့ချ တက်ရောက်နေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများနှင့် သန်းခေါင်စာရင်း ဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ဆရာမ၁၀ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၁၀၀ ကျော်တို့အား စက်တင်ဘာ ၁၆ မှ ၂၆ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် မြဝတီမြို့နယ်အတွင်းရပ်ကွက် ကိုးခုနှင့် ကျေးရွာအုပ်စု ငါးအုပ်စု၊ ကောက်ကွက်ပေါင်း ၁၅၈ ကွက်တို့၌ စာရင်းစစ် ၂၄ ဦး၊ စာရင်းကောက် ၆၁ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)