ပြည်ခရိုင်၌ နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၁/ ၂၀၂၄)ဖွင့်လှစ်

ပြည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်‌သော နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့တည်ဆောက်ရေး(၂)ဆည်မြောင်းရိပ်သာ၊ နဝင်းခန်းမ၌ကျင်းပရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး သင်တန်းနည်းပြဆရာ ဒေါက်တာမင်းညွန့်ဦးက သင်တန်းပို့ချပေးမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ ပြည်ခရိုင်အတွင်းမြို့နယ်များနှင့် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့မှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ထမ်းများအပါအဝင် စုစုပေါင်းသင်တန်းသားဦးရေ (၁၀၀)တက်ရောက်ပြီး သင်တန်းတွင် ဆိတ်နှင့်နွား မေထုန်မဲ့သားစပ်နည်းပညာရပ်များကို သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းကာလ ၅ ရက်ကြာ စာတွေ့/လက်တွေ့ စနစ်တကျသင်ကြားပို့ချမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူ‌ရေးထုတ်ကုန်ကဏ္ဍပိုမိုတိုးတက်မြင့်မားရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များတိုးပွားလာ‌ရေးနှင့် ကျွမ်းကျင်ဝန်ထမ်းများတိုးပွားလာရေး၊ စနစ်တကျ မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးနှင့် တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နို့စားနွားကောင်ရေတိုးတက်ပွားများလာစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)