ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်နေရာမှ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် မြို့ပေါ်ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း (၁၅)ခုနှင့် ကျေးရွာများရှိ ရေဘေးကယ်ဆယ်ရေးစခန်း (၉)နေရာများသို့ ပြောင်းရွှေ့နေရာချထားလျက်ရှိကာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီနှင့် ကြက်ဥများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းနှင့်အလှူရှင်များက ခေါက်ဆွဲခြောက်၊ ရေသန့်၊ ထမင်းနှင့်ဟင်း၊ အလှူငွေထောက်ပံ့ပေးအပ်လျက်ရှိပြီး ရေဘေးကယ်ဆယ်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိသည့် ရေဘေးသင့်ပြည်သူများသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အလှူရှင်များမှ အိမ်တိုင်ရာရောက် သွားရောက်၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံမြို့နယ်တွင် စက်တင်ဘာလ(၁၆)ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂၄)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၂၇၂၉)စု၊ ကျား(၅၄၆၄)ဦး၊ မ(၆၀၉၂)ဦး စုစုပေါင်းလူဦးရေ(၁၁၅၅၆)ဦး ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)