ဒေးဒရဲ စက်တင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးသွားမည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အုန်းပင်ကျေးရွာ၊ အုန်းပင်တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းရှိ မဟာသကျမုနိ တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဆိုင်ရာများနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ခင်းကျင်းပြသထားသည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မည့် ပါဝင်ပစ္စည်းများကို ကြည့်ရှုအားပေးကြခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၂)ရက်နေ့ထိ ကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးအား သစ်သီးယိုအမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး၊ ခရမ်းချဥ်သီးဆော့(စ်)နှင့် jelly Candy အမျိုးမျိုး ပြုလုပ်နည်းများကို အခမဲ့သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)