ထားဝယ် စက်တင်ဘာ ၁၆
"မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့ "ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၈ ခုနှစ်မှ စတင်ပြီး နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ကျင်းပရသည့် ရည်ရွယ်ချက်အနေဖြင့် အိုဇုန်းလွှာသည် ကမ္ဘာပေါ်တွင်သက်ရှိများအတွက်သာမက နောင်အနာဂတ် မျိုးဆက်များအတွက်ပါအရေးပါပုံကို အများပြည်သူများ သိရှိပြီး အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပူးပေါင်းပါဝင်လာနိုင်ကြစေရန် နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ နေ့စဉ်လူနေမှုဘဝတွင်မရှိမဖြစ် သုံးစွဲနေကြရသည့် အအေးပေးပစ္စည်းနှင့် လူ့အသုံးအဆောင်ပစ္စည်းများအား စွမ်းအင်ချွေတာပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုမရှိသည့် ပစ္စည်းများကိုရွေးချယ်အသုံးပြုကြရန် လိုအပ်ကြောင်း၊ သန့်ရှင်းသာယာလှပပြီး မျှတကောင်းမွန်သည့် ရာသီဥတုကို နောင်အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် လူတစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိကြောင်း၊ ဒါကြောင့် မိမိတို့တစ်ဦးချင်းအနေဖြင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် အားလုံးကိုယ်စီ တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေးတိုးမြှင့်ဆောင်ရွက်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတတ်နိုင်သည်က စ၍ အားလုံးကိုယ်စီ ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုပြသမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုနှင့် သရုပ်ဖော် ပန်းချီဆုရရှိသောကျောင်းသား/သူများအား ဆုချီးမြှင့်ပြီး မြို့တော်ခန်းမအတွင်းခင်းကျင်း ပြသထားသည့်အထိမ်းအမှတ်ပိုစတာများနှင့် ပြခန်းများပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)