ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်း၍ ရေဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့

ဘားအံ   စက်တင်ဘာ ၁၆

ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့တို့ ပူးပေါင်း၍ ဘားအံမြို့၊ အမှတ်(၆)နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဘေးရှောင်ပြည်သူများအတွက် ယနေ့နံနက် ၁၀ နာရီခွဲတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

ဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်နှင့် အဖွဲ့ဝင်များက ဘားအံမြို့၊ အမှတ်(၆)၊ ပြည်ထောင်စုရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၉၁)စု၊ ကျား (၁၄၅)ဦး၊ မ (၁၅၀)ဦး၊ စုစုပေါင်း (၂၉၅) ဦးနှင့် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူ (၁၀၀)ဦးတို့အတွက် အသင့်စားသုံးနိုင်သော နေ့လယ်စာထမင်းဘူးနှင့် သောက်ရေသန့်ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဘားအံမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၆)၊ ပြည်ထောင်စုရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူ (၃၉၅)ဦးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)