မကွေး စက်တင်ဘာလ ၁၆
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက အမှာစကားပြောကြားရာတွင် အိုဇုန်းလွှာပျက်စီးစေသော ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC) သုံးစွဲမှုအဆင့်ဆင့် လျှော့ချရပ်ဆိုင်းရေးအတွက် အစားထိုးဒြပ်ပစ္စည်းတွေသုံးစွဲကြရန်နှင့် ဆိုးကျိုးသက်ရောက်မှုနည်းသည့် အအေးပေးပစ္စည်းတွေကို ပြောင်းလဲရွေးချယ်အသုံးပြုကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သည့်အတွက် ဝန်ကြီးဌာနအသီးသီး၊ ပြည်သူများ၊ လုပ်ငန်းရှင်များ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ နည်းပညာရှင်များအနေဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ်ဆက်များ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လေထုအတွင်းအိုဇုန်းလွှာပျက်စီးစေသော ဓတ်ငွေ့များ ကင်းဝေးစေရန် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ ဗီဒီယို၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗီဒီယိုနှင့် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုများအား အသီးသီးပြသခဲ့သည်။
ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား အနောက်ပိုင်းလေတပ်စခန်းကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးကလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်မိမိမော်ကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)