ရွှေဘိုတက္ကသိုလ်၌ မျောက်ကျောက်ရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါများ အ​ကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးနှင့် ပြင်းထန်ဝန်းပျက်ဝမ်း​လျှော ရောဂါများအ​ကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ မျိုးမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့​နောက် ရွှေဘိုပြည်သူ့​ဆေးရုံကြီးမှ ​ဒေါက်တာ​အောင်သူရက Mpox (မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားလာသည့်အတွက် အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့်  လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ Mpox (မျောက်ကျောက်)  ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယ လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ လိုအပ်သော စစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူကြပါရန် ဟောပြောခဲ့သည်။ ဆက်လက်၍ ကျန်းမာ​ရေးမှူး (၁) ဦး​အောင်​ဇော်လွင်ဦးက ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ အ​ကြောင်း သိ​ကောင်းစရာများနှင့် ကာကွယ်ကုသရမည့် နည်းလမ်းများကို ​ဆွေး​နွေး​ပြောကြားခဲ့သည်။ အသိပညာ​ပေး ​ဟော​ပြောသူများအား၊ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ် ဆရာမကြီးက အမှတ်တရလက်​ဆောင်များ ​ပေးအပ်ကာ စု​ပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး​ခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့  ​ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး​ ဒေါက်တာမျိုးမျိုးနှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

​ အေးမြင့်စန်း(ပြန်/ဆက်)