ပခုက္ကူမြို့၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး တာဝန်ရှိသူများ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ စက်တင်ဘာလ ၉ ရက်ညမှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ယာယီရေဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများက စခန်းများအတွင်း နေရာထိုင်ခင်းများ စနစ်တကျဖြစ်ရေး၊ သောက်သုံးရေနှင့် ချိုးရေများ ပြတ်လပ်မှုမရှိစေရေး၊ စည်းကမ်းတကျ ချက်ပြုတ်စားသောက်နိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ခုနစ်အိမ်တန်းဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ သီဟိုဠ်ရှင်ခန်းမဆောင်နှင့် သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦး(Shelter)တို့တွင် ယာယီရေဘေးရှောင် စခန်းသုံးနေရာ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ (၅၅၂) ဦးပြောင်းရွှေ့နေထိုင်ကြကြောင်း၊ ရေဘေးသင့်ပြည်သူများအား အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)