ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နွားမေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နို့နှင့် နို့ထွက် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်စေရန်နှင့် နွားမျိုးကောင်းမျိုးသန့်များ ပွားများလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌  ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရေး ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုသိမ်မြို့ကို အခြေခံ၍ မွေးမြူရေးဇုန်များ ဖော်ထုတ်ပြီး နို့စားနွားမွေးမြူရေး ပိုမိုတိုးတက်လာစေရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နို့စားနွားမွေးမြူခြင်းကို မိရိုးဖလာတစ်ပိုင်တစ်နိုင် မွေးမြူခြင်းသာမက စီးပွားဖြစ်မွေးမြူရေးအဖြစ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုပါကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်မှာယူတင်သွင်းနေရသည့်အတွက် နို့စားနွားမွေးမြူရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ရရှိတိုးတက်ထုတ်လုပ်ခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ မှာယူတင်သွင်းမှုများ လျော့ကျမည်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးတွင် နွားမွေးမြူရေး ပိုမိုတိုးတက်မွေးမြူလာရန်နှင့် နို့နှင့်နို့ထွက် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ဌာနတွင်းကျွမ်းကျင်ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို နွားမေထုန်မဲ့ သားစပ်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊  သင်တန်းတွင် သင်ကြားပေးကြမည့် သင်တန်းနည်းပြများအနေဖြင့် မိမိတို့သင်ကြားပေးရမည့် ဘာသာရပ်များကို သင်တန်းသား များအား စနစ်တကျ သင်ကြားပို့ချပေးကြရန်နှင့် သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းမှ ရရှိလာမည့် နွားမေထုန်မဲ့သားစပ်သင်တန်းဆိုင်ရာ အသိပညာများကို သင်တန်းတက်ရောက်နေစဉ်အတွင်းမှာ စိတ်ပါဝင်စားစွာ သင်ကြားကြရန်နှင့် သင်တန်းပြီးဆုံးသည့်အခါမှာလည်း မိမိတို့ဒေသမှာ နို့စားနွား မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နွားမေထုန်မဲ့သားစပ်သင်တန်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုသိမ်၊ ဟင်္သာတနှင့်  မြောင်းမြခရိုင်တို့ကို အခြေပြု၍ သင်တန်း (၄) ကြိမ်ဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၂၀) ဦး မှ (၃၀) ဦး အထိသင်တန်းကာလ (၅) ရက်ဖြင့်  စာတွေ့/လက်တွေ့ အနီးကပ် သင်ကြားဖို့ချပေးသွားမည် ဖြစ်ကြောင်း သိရပြီး သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်များတွင် ကွင်းဆင်း၍ နွားမေထုန်မဲ့ သားစပ်ကောင်ရေ အနည်းဆုံး (၁၀) ကောင် လက်တွေ့သားစပ်ပေးပြီးမှသာ နွားမေထုန်မဲ့သားစပ် လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဒုရဲအုပ်လောင်းရေးဖြေစာမေးပွဲ ဖြေဆိုမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့် ကန်ပတ်လမ်းနှင့် ကန်သုံးဆင့်ပန်းခြံတို့အား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းခြံနှင့် ကန်ပတ်လမ်းတစ်လျောက် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ မြက်ပင်များ ရှင်းလင်းစေရေး၊ ကန်သုံးဆင့်ပန်းခြံအတွင်း ပန်းအလှပင်များ စနစ်တကျ စိုက်ပျိုးရေး၊ စိမ်လမ်းစိုပြည်နေစေရေး၊ ယခုလက်ရှိ ကန်ပတ်လမ်းအား တိုးချဲ့၍ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရန်နှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေး၊ တိုးချဲ့လမ်းအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် စွန့်ပစ်ပလက်စတစ်များ အသုံးပြု၍ လမ်းခင်းတုံးများ ထုတ်လုပ်ကာ ခင်းကျင်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)