ပေါင်းတည် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ကျင်းပလျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲတော်တွင် ကူးစက်ရောဂါမဖြစ်ပွားရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများကို ပြည်သူ့ကျန်းမာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်သူရထွန်းဦးဆောင်၍ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပွဲစျေးတန်းတွင် ရောင်းချလျက်ရှိသော အသုပ်ဆိုင်များအပါအဝင် စားသောက်စရာများရောင်းချသည့် ဆိုင်များ၊ ပွဲစျေး ယာယီအိမ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ စျေးရောင်းချသူများ၏ ကျန်းမာရေးအခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)