ကျောက်ကြီး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ (၁၃၆) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ရိုးရာအစဉ်အလာမပြတ် ယနေ့နံနက်ပိုင်းကစတင်ပြီး ကျောက်ကြီးချောင်းဘေးရှိ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ကိန်းဝပ်စံပယ်ရာစံကျောင်းတော်နှင့် ကျောက်ကြီးချောင်းအတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ (၁၃၆) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ရိုးရာအစဉ်လာမပြတ်ကျင်းပနိုင်ရေး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရှင်သီဝလိတောင်တော်မြတ်၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တစန္တိမာ၏ မိန့်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များက ဦးဆောင်၍ တော်သလင်းလဆန်း ၁၄ ရက်နှင့် ၁၅ ရက်လပြည့်နေ့များတွင် ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လှည့်လည်အပူဇော်ခံခြင်း၊ ထိုသို့လှည့်လည်အပူဇော်ခံရာတွင် ကျောက်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်ပဌာန်းများရွတ်ဖတ်ပူဇော်ပေးခြင်း၊ ကျောက်ကြီးမြို့လယ် တံတားပေါ်တွင်လည်း ထမင်းထုပ်များဝေငှပေးခြင်း၊ တော်သလင်းလပြည့်နေ့ နံနက်ပိုင်းတွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်အား အနေကဇာတင်လှူပူဇော်ခြင်း၊ ညပိုင်းတွင် ကျောက်ကြီးမြို့လယ်ချောင်းအတွင်းရှိ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ရေပေါ်စံကျောင်းတွင် မြို့ပေါ်ရပ်ကွက် ဓမ္မယောဂီများမှ ဓမ္မစကြာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီးမျှောပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)