၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား မြိတ်မြို့တွင် ကျင်းပ

မြိတ်  စက်တင်ဘာ  ၁၆

၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။

အထိမ်းအမှတ် အခမ်းအနားတွင် မြိတ်ခရိုင်ပညာရေးမှူး  ဒေါ်လှလှအေးက အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP) ပညာပေးဗီဒီယို၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုတို့ကို ပညာပေးပြသသည်။

ဆက်လက်၍ မြိတ်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဇင်မြတ်မွန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “Montreal Protocol: Advancing Climate Action”မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတိုးမြှင့် ဆောင်ရွက်စို့ဟူသောခေါင်းစဉ်ဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများအကြောင်းနှင့် အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲခြင်း၏ နောက် ဆက်တွဲဆိုးကျိုးများ ခံစားနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ကမ္ဘာ့အိုဇုန်းလွှာအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း ကြီးကြပ်အုပ်ချုပ်သူဆရာကြီး ဦးကျော်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အထိမ်းအမှတ်အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)