သာယာဝတီ စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် ကုလသမဂ္ဂမှ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၊ ဘေဂျင်း၊ လန်ဒန်နှင့် ကိုပင်ဟေဂင် ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာအဓိကပျက်စီးစေတဲ့ ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန်၊ ဘရိုမိုကလိုရိုမီသိန်း၊ ကလိုရိုဖလူရိုကာဗွန်၊ ဟေလွန်၊ ကာဗွန်တက်ထရာကလိုရိုဒ်နှင့် မီသိုင်းဘရိုမိုဒ်တင်သွင်းမှုတို့ကို အပြီးသတ်ရပ်ဆိုင်းနိုင်ခဲ့ပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်စေသော အစားထိုးဓါတ်ငွေ့များ စွမ်းအင်ချွေတာနိုင်သော နည်းပညာများတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် စားနပ်ရိက္ခာဆုံးရှုံးမှုကို တိုက်ဖျက်နိုင်မှာဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာလုံးနှင့်အဝှမ်းပူးပေါင်း ဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာမပျက်စီးအောင် မည်သို့ကာကွယ် ဆောင်ရွက်သင့်ကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအကြောင်း၊ အိုဇုန်းလွှာပျက်စီးခဲ့လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်တွေအကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများနှင့် ဝန်ထမ်းများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)