သရက် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ အိုဇုန်းလွှာဟာ နေကလာပြီး အင်မတန်စွမ်းရည်မြင့်မားပြီး ဘေးအန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်းများကို အကာအကွယ်ပေးကြောင်း၊ ယခုအခါ ခေတ်စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စက်ရုံ၊ အလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုးမြူငွေ့တွေနဲ့ သဘာဝသစ်တောကြီးများအတွင်း အကြောင်းအမျိုးမျိုးကြောင့် တောမီးလောင်ရာမှ ထွက်ရှိတဲ့ မီးခိုးငွေ့တွေ၊ လမ်းတွေပေါ်မှာ နာရီစက္ကန့်မလပ်သွားလာနေတဲ့ ယာဉ်အမျိုးမျိုးက ထွက်ရှိတဲ့ မီးခိုးငွေ့တွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအဝင် မှန်လုံအိမ်ဓါတ်ငွေ့ဟာ ကမ္ဘာကို ပိုမိုဖုံးအုပ်ထားသလိုဖြစ်ပြီး ကမ္ဘာမြေပူနွေးမှုကိုဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)