ဝက်လက် နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် ဦးဆောင်ကာ မိုးစပါးစိုက် တောင်သူ ၂၃ ဦးတို့သည် တောင်သူမှ တောင်သူသို့ နည်းပညာ ဖြန့်ဝေခြင်း အစီအစဉ်ဖြင့် တန့်ဆည်မြို့နယ် ဗိုလ်မြကျေးရွာအုပ်စု တောင်သူ ဦးမျိုးဝင်း၏ SRI စံပြကွက် မိုးစပါးအစွမ်းဖွင့် စိုက်ပျိုးထားရှိမှုများအား ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
"တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း လေ့လာရေးသွားရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေရှားပါးလာမှုအပေါ် ရေလိုအပ်ချက် နည်းပါးတဲ့ ပျိုးသက်နု ကောက်ကွက်ကြဲစနစ် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်၊ အထွက်နှုန်းတိုးတက်စေရန်နဲ့ စပါးသီးနှံ အရည်အသွေး တိုးတက်စေရန် စတဲ့ရည်ရွယ်ချက် နဲ့ သွားရောက် လေ့လာတာဖြစ်ပါတယ်။ အခုလေ့လာခဲ့တဲ့ စပါးစိုက်နည်း စနစ်ကို ဝက်လက်မြို့နယ်အတွင်းရှိ စပါး စိုက်ပျိုးတောင်သူ ၂၃ ဦးဖြင့် လေ့လာရေး သွားရောက်ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ဝက်လက်မြို့နယ်အတွင်း စပါးစိုက် တောင်သူများကို ယခုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ အသုံးပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က ပြောပြပါ တယ်။
ဝက်လက်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း ၁၃၉ဝဝဝ ကျော် စိုက်ပျိုးထားရှိပြီး SRI နည်းစနစ်ဖြင့် စိုက်ပျိုးဧကပေါင်း ၄ဝဝ ခန့်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း(ဝက်လက်)