မြို့သစ် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ဆန်းပိုင်းက မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်(၆၈၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၆၈၅ ဒသမ ၆၀ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ခြောက်ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ(၆၂၅ ဒသမ ၉၀ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ကိုးပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်( ၅၆၀ ဒသမ ၅၀ပေ)ဖြစ်ပြီး လက်ရှိရေမှတ်မှာ(၅၆၁ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ(သုညဒသမငါးပေခန့်) ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီအသိပေးနှိုးဆော်မှုများဆောင်ရွက်ကာ ဆည်အနီးနှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာအသိပေးနှိုးဆော်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)