သရက်ချောင်း စက်တင်ဘာ ၁၆
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထား တတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက် အသင်း ဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဉာဏ်စမ်းပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)