ငဖဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက သုတရသစာအုပ်စာပေများကိုဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းကျင်းပရာ Grade-10 (A) မှ မောင်သန့်ဇင်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလထုတ် အတွဲ(၅၀)၊ အမှတ်(၁၁) သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်မှ ကိုကိုအောင်(အလုပ်သမား)ရေးသားသည့် "ကလေးငယ်များအတွက် ဆေးလိပ်အန္တရာယ်သတိပေးချက်"ဆောင်းပါးပါ ကလေးငယ်များ၏ အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သုံးခြင်းမပြုလုပ်သင့်ကြောင်း၊ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းဖြင့် ဖြစ်ပေါ်လာမည့် ရောဂါဝေဒနာများနှင့် Grade-10 (A)မှ မအိစံနဒီထွန်းက မောင်ခင်ညို(မန်းတက္ကသိုလ်)ရေးသားသည့် “လူငယ်စွမ်းအားဗလငါးတန်” ဆောင်းပါးပါ လူငယ်များတွင် ခွန်အားများရှိကြောင်း၊ လူငယ်များ၏ခွန်အားသည် ဗလငါးတန်ဖြစ်ပြီး ကာယဗလ၊ ဉာဏဗလ စသည့် ဗလငါးတန်ဖြစ်သည့် စွမ်းအားတစ်ခုချင်းစီ၏ ဆောင်ရွက်နိုင်မှုစွမ်းအားများအကြောင်းတို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေးရာ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်(တွဲဖက်)က ပြန်လည်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)