ပဲခူး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က သံဃာတော်အပါး (၃၀၀) တို့အား (၇) ကြိမ်မြောက် ဆီဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။
ဆီဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် အင်းတကော်မြို့ရှိ ကျောင်းတိုက်ပေါင်း (၈၅) ကျောင်းမှ သံဃာတော်အပါး (၃၀၀) တို့က အင်းတကော်မြို့ အောင်သိဒ္ဓိကျောင်းတိုက်ရှေ့မှ အင်းတကော်မြို့အဆုံး ရန်ကုန်-မန္တလေးကားလမ်းအတိုင်း အကြည်ညိုခံကြွရောက်ကြပြီး အင်းတကော်မြို့၊ မြို့အုပ်ချုပ်ရေးဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့မိသားစုများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာရှင်ပြည်သူများက ဆီဆွမ်းနှင့် ဆွမ်းဆန်စိမ်းများကို ဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် စစ်ကိုင်းကျောင်းတိုက်၊ ဓမ္မာရုံ၌ စစ်ကိုင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ အနုမောဒနာတရားနာယူပြီး နဝကမ္မအလှူငွေများလှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)