ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြန်မာစာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပ

ငဖဲ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊   စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာစာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက် ၉  နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်နှင့် ရည်ရွယ်ချက်(၄)ရပ်၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်(တွဲဖက်)က ပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာအလယ်တန်းဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/သူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ (၄) ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)