တောင်ငူ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် မြစ်ရေကျဆင်းလျက်ရှိသည်။
တောင်ငူမြို့၊ အမှတ် (၁)၊ (၈)၊ (၉)၊ (၁၀)၊ (၁၉)၊ (၂၀)၊ (၂၃) ရပ်ကွက်နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းများ၊ ယိုးဒယားပေါက်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ်သို့ စစ်တောင်းမြစ်ရေဝင်ရောက်ခဲ့ပြီး တောင်ငူမြို့နယ်တွင် ရေဘေးရှောင်စခန်း (၅၁) ခု ဖွင့်လှစ်ထားလျက်ရှိကာ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ အဆိုပါရေဘေးရှောင်စခန်း ၅၁ ခုတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည်။
တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ကျော်လွန်ပြီး အမြင့်ဆုံးရေမှတ် (၈၁၉) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ယနေ့နံနက် (၉) နာရီအချိန်တွင် (၈၀၉) သို့ ကျဆင်းလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို