ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်သို့ တိုးချဲ့စိုက်ပျိုးလာ

ပိုင်ကျုံ  စက်တင်ဘာ   ၁၆

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ဝဥများကို တစ်ပိုင်တစ်နိုင်မှ စျေးကွက်စီးပွားရေးအဖြစ်သို့ တိုးချဲ့စိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ဝဥပင်များသည် သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သော်လည်း ယခုအခါ သဘာဝပေါက်ရောက်သည့် ဝဥပင်ပျားရှားပါးလာသကဲ့သို့ မိသားစုအပိုဝင်ငွေရရှိနိုင်သည့် သဘာဝထွက်ကုန် ဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် အိမ်ခြံမြေဝင်းအတွင်း၌ လည်းကောင်း၊  ဥယျာဉ်ခြံမြေများတွင် သီးညှပ်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ သီးသန့်စိုက်ပျိုးမြေများ၌ လည်းကောင်း  မိသားစုဝင်ငွေ တိုးပွားစေရန် တိုးချဲ့စိုက်ပျိုးလျက်ရှိကြသည်။

ဝဥမှာ စိုက်ပျိုးချိန်ကာလ (၁) နှစ်မှ (၃) နှစ်အထိရှိပြီး နှစ်စဉ် တူးဖော်ရောင်းချနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ဝဥသည် နှစ်ကာလကြာမြင့်သည်နှင့်အမျှ ဝဥအထွက်နှုန်း ကောင်းမွန်သည့် သီးနှံဖြစ်သည့် မြေဆီမြေသြဇာ ကောင်းမွန်သည့် မည်သည့်နေရာ ဒေသတွင်မဆို စိုက်ပျိုးနိုင်သည့် အပင်မျိုးဖြစ်သည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများအနေဖြင့် ယခုနှစ်ဝဥပေါ်ချိန်၌ ဝဥအစိုတစ်ပိဿာလျှင် ၁၂၀၀ ကျပ် ဈေးရရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ဝဥကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်သို့ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ဝဥစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)