မင်းဘူး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ရုံးပိုင် သားဖွားခန်းဖွင့်ပွဲနှင့် ပြင်ဆင်မွမ်းမံပြီးစီးခဲ့သည့် မူလတန်းကြိုကျောင်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက် နေ့လယ်ပိုင်းအချိန်က အဆိုပါ အသင်း(ခွဲ)ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ရုံးပိုင် သားဖွားခန်းဖွင့်အဆောက်အအုံအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် (ဗဟို)ဒုတိယဥက္ကဋ္ဌ ဒေါ်တင်ညိုညိုလတ်၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်ပြီး ဖွင့်ပွဲအခမ်းနားတွင် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာ ယခု ဖွင့်လှစ်ပေးခဲ့သော သားဖွားခန်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့သော အဆောက်အအုံဖြစ်သည့်အတွက် ပျက်စီးနေမှုအား ပြန်လည်ပြုပြင်ပြီး အသုံးပြုနိုင်ရန် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ငွေကျပ်သိန်း ၂၀၀ မတည်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၃၈ သိန်း၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ် ၃၂ သိန်း ထောက်ပံ့လှူဒါန်းကာ ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခု သားဖွားခန်းသည် စကုမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် နီးစပ်ရာကျေးရွာပေါင်း (၁၅)ရွာတို့မှ ကိုယ်ဝန်ဆောင်မိခင်များအား လုံခြုံစိတ်ချရသော မိခင်ဘဝရရှိရေးအတွက် စောင့်ရှောက်မှုပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က ဗဟိုအဖွဲ့နှင့် တိုင်းဒေသကြီးအဖွဲ့တို့မှ သားဖွားခန်းနှင့် မူလတန်းကြိုကျောင်းအား လှူဒါန်းပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စကုမြို့ မိခင်နှင့်ကလေး အသင်းဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တာဝန်ရှိသူများက သားဖွားခန်းအတွင်း အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို အားပေးကြည့်ရှု၍ အားပြည့် ဖြည့်စွက်အစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းသို့ သွားရောက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပြင်ဆင်စရိတ် ခွင့်ပြုငွေကျပ် ၁၈၄ သိန်းဖြင့် ကျောင်းဆောင်အား တိုချဲ့ပြင်ဆင်မွမ်းမံပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၃ ဦးအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်၍ အာဟာရဖြစ်စေမည့် မုန့်များကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)