ပေါင်းတည်၌ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲစတင်ကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ အစဉ်အလာမပျက် အပူဇော်ခံပွဲဆင်ယင်ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၁၂၇ ကြိမ်မြောက်အပူဇော်ခံပွဲကို အတော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်ကြောင်း၊ ထိုနေ့များတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဗုဒ္ဓမြတ်စွယ်တော်အား ရွှေကျောင်းဆောင်ပေါ် ပင့်ဆောင်ထားရှိလျက် အပူဇော်ခံမည်ဖြစ်​ကြောင်းနှင့် ပကတိအတိုင်း ပူဇော်နိုင်ကြစေရန် တော်သလင်းလဆန်း ၁၄ ရက်၊ ၁၅ ရက်နေ့တို့တွင် မြတ်စွယ်တော်အား ဖုံးအုပ်ထားသော ရတနာစိန်ကြုတ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည်ဖြစ်ကြောင်း မြတ်စွယ်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကိန်းဝပ်လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည် သီဟိုဋ်ကျွန်း (သီရိလင်္ကာနိုင်ငံ) ရှိ ဂေါတမဘုရားစွယ်တော်တစ်ဆူနှင့် ဆက်နွယ်ပတ်သက်ခဲ့ပြီး တန်ခိုးကြီးမြတ်စွယ်တော်ဖြစ်ကြောင်း၊ ထိုမြတ်စွယ်တော်အပူဇော်ခံပွဲနှင့် မြတ်စွယ်တော်ပွဲတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)