သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေကြေး ပေးအပ်

သံတောင်ကြီး   စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပိုကျမှုကြောင့် ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာတွင် မြေစာပိ၍သေဆုံးခဲ့သည့်အိမ်ထောင်စုမှ လူဦးရေ(၄)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်ကအမှာ စကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြေပြိုကျမှုကြောင့်  ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက်    အိမ်ဆောက်ပစ္စည်းတန် ဖိုးကျပ် ၁၀၀,၀၀၀၊ မြေပြိုမှုကြောင့်မြေစာပိ၍သေဆုံးခဲ့သည့် အိမ်ထောင်စုတစ်စု လူဦးရေ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ်(၁၂)သိန်း၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၃)သိန်းနှင့် အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးစ္စည်း(၁၆)မျိုး တန်ဖိုးငွေကျပ် (၁၀၄,၆၉၀) တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ   ဦးကျော်ဇင်လတ်တို့က  မြေစာပိ၍ သေဆုံးခဲ့သူများ၏ မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ