ပခုက္ကူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားဝေက အိုဇုန်းလွှာအကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းများ၊ အိုဇုန်းလွှာ၏ အကျိုးပြုပုံများ၊ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် ဆုငွေ‌များ ပေးအပ်ချီးမြှင့်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကျောင်းဝန်းသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ပုံးပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)