မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ် ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့်အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ် ကြွတ်ကြွတ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့သည်။

ထိုသို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို အပတ်စဥ် “တနင်္လာ” နေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)