ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကရသူရိ  စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ် စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် စာပေဝါသနာရှင်များတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများဖြစ်ရန် ကျောင်းစာများသာမက စာအုပ် စာပေများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ ထို့အပြင် အနာဂတ်သားကောင်းရတနာများဖြစ်သည့် အတွက်ပို၍ ပြည့်စုံသည့်အသိပညာများ ရှိနေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် စာဖတ်အားနည်းသည့် ကလေးများအနေဖြင့် အားလပ်သည့်အချိန်များတွင် မိမိစိတ်ဝင်စားရာ စာအုပ်စာပေများမှ တစ်ဆင့်အသိပညာ၊ အတတ်ပညာကြွယ်ဝသော စာအုပ် စာပေများသို့ အဆင့်ဆင့်ပြောင်းလဲ ဖတ်ရှုကြရန် တိုက်တွန်းဟောပြောသည်။

ထို့နောက် စာဖတ်အားကောင်းစေသည့် လေ့ကျင့်မှုတစ်ရပ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား မိမိကြိုက်နှစ်သက်ရာ စာအုပ်များဖြင့် ဖတ်ရှုမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကရသူရိပြန်/ဆက်